Saturday, January 26, 2013

အမေ...။

ဒီနေ့ အမေနေ့တဲ့..။ ကျုပ်လည်း အမေ့ကို သတိရပါတယ် အမေ။ အမေနေ့ ဆိုတော့ အမေနဲ့ ပါတ်သက်ပြီး သတိရမိတာလေးတွေ ချရေးမိတယ် အမေ..။ အမေနဲ့ ပါတ်သက်ပြီး ကျုပ် အရင်ဆုံး သွားသတိရတာကတော့ မနက်စောစောစီးစီး ထမင်းကြမ်း စားကြတဲ့ အချိန်လေးတွေ သတိရလိုက်တာ အရင်ဆုံးပါပဲ အမေ။ တစ်ခါတရံမှာ ထမင်းကြမ်း သိပ်မများရင် မိသားစု အစုံအလင် စားဖို့ မလောက်ဘူးပေါ့ အမေ...။ “အမေ လောက်ငအောင် ဘာလို့ ချက်မထားတာလဲ”.. လို့ ကျုပ်တို့ အပြစ်တင်ခဲ့ကြတယ်။“ နောက်နေ့ ချက်ပါ့မယ် သားရယ်....” တဲ့။ တကယ်တမ်း အမေ့ ဆန်အိုးထဲမှာ လောက်ငအောင် ရှိနေဖို့ မသေချာဘူးဆိုတာ ကျုပ်မသိခဲ့ဘူး အမေ..။ သိအောင်လည်း တစ်ခါမှ မမေးခဲ့ဖူးဘူး အမေရယ်..။


အဲဒီလို ထမင်းကြမ်း မလောက်ငတဲ့အခါတွေမှာ အမေတို့ အဖေတို့ ပြောတာလေးတွေ သတိရမိပါသေးတယ်။ “အမေတို့ ဒီနေ့ သိပ်မဆာဘူး..” တဲ့။ “မင်းတို့ အရင် စားလိုက်ကြ။”.. တဲ့။ တော်သေးတာပေါ့...။ ကိုယ်က ဆာနေတာဆိုတော့ စားပြီ။ အမေတို့ မဆာသေးဘူးဆိုတော့ မစားနဲ့ပေါ့။ ခုတော့ သိပါပြီ အမေ....။ သမုဒ္ဒရာ ဝမ်းတထွာဆိုတာ စားနေကြ အချိန်မှာ ဒီနေ့ ဆာပြီးတော့ နောက်နေ့ မဆာပဲ မနေတတ်တဲ့အရာ မဟုတ်ဘူးဆိုတာ ခုတော့ ကောင်းကောင်းသိတတ်နေပါပြီ အမေ..။ ကျုပ်တို့ စားဖို့ အမေတို့ မဆာဘူး ပြောခဲ့တယ်ဆိုတာ ခုတော့ ကောင်းကောင်း သိခဲ့ပါပြီ အမေ...။

ပြီးတော့ အမှတ်ရတာ ရှိသေးတယ်အမေ..။ ထမင်း မချက်ခင်ကလေးမှာ အမေ အပြင်ထွက်ထွက်သွားတာ ခဏခဏ တွေ့နေခဲ့တယ်။ ဘာလို့ ထွက်သွားတာလဲ ဆိုတာ မသိခဲ့ဘူး အမေ..။ အမေ့နောက်ကို လိုက်သွားတော့မှ အမေ ဘာလို့ ထွက်သွားတယ်ဆိုတာ သိလိုက်ရတယ်။ အဒေါ်အိမ်ကို သွားပြီးတော့ ဆန်ချေးနေတာပါ။ ချက်စရာ ဆန် မလောက်ငလို့ အမေ ဆန်ချေး ထွက်ခဲ့တာကို ခုမှ သိတယ်အမေ။ (ဆန်ချေးငှားတယ်ဆိုတာကို တောသူတောသား အတော်များများကတော့ နားလည်မယ် ထင်ပါတယ်။ ရှိတဲ့အချိန်ရောက်မှ ပြန်ပေးကြတာပေါ့။) အမေဟာ လူမုန်းများသူ မဟုတ်ပေမယ့် အဲဒီအချိန်မှာ အဒေါ်က အမေ့ကို ကောင်းကောင်း စကား မပြောချင်ဘူးဆိုတာ ကျုပ်နောက်ကနေ ခိုးနားထောင်ရင်း သိလိုက်ရတယ် အမေ။ တကယ်တမ်းက အဒေါ့်ဆီမှာလည်း ဆန်များများစားစား မရှိလို့ ဖြစ်နိုင်တာပေါ့။ အမေ မျက်နှာငယ်လေးနဲ့ ပြန်ထွက်လာတာကို ကျူပ်မြင်ခဲ့ဖူးတယ် အမေ..။ ပြန်တွေးတိုင်း မျက်ရည်ဝဲရပါတယ်။ ကျုပ် ငယ်တုန်းက အဖြစ်အပျက်ကလေးတွေပေါ့ အမေ..။

ဆင်းရဲသား တောသား တစ်ယောက်ရဲ့ အမေကို သတိရပုံတွေ ကဗျာဆန်မှာတော့ မဟုတ်ဘူးပေါ့ အမေ။ ဒါပေမယ့် အမေ.. ဆိုတဲ့ စာသားကို မြင်တိုင်း၊ အမေဆိုတဲ့ အသံကို ကြားတိုင်း ကျုပ်စိတ်ထဲမှာ အရင်ဆုံး သတိရမိတဲ့ အဖြစ်အပျက်ကလေးတွေကတော့ တစ်သက်လုံး ပြောင်းလဲမှာ မဟုတ်ဘူးအမေ...။ ကျုပ် သတိရတဲ့ အသေးအဖွဲ အဖြစ်အပျက်ကလေးတွေကို ရေးမိပေမယ့် အမေ့ကျေးဇူးတွေက ကျုပ်မသိလိုက်တဲ့ ကြီးမားတဲ့အချက်တွေ အများကြီး ရှိမယ်ဆိုတာ သေချာတာပေါ့ အမေ..။ အမေ့သား.. သားကောင်းတစ်ယောက် မဖြစ်ဘူးဆိုရင်တောင်မှ ဘယ်တော့မှ သားဆိုးတစ်ယောက် မဖြစ်တော့ဘူးဆိုတာ အမေ့ကို ပြောပြပါရစေအမေ.....။

No comments: