Sunday, January 10, 2010

ရေတွင်း

၂၀၀၅ ခုနှစ်လောက်ကပေါ့။ ကျနော်တို့ ရွာမှာ ရေတွင်းတွေ တူးကြတယ်။ ကြိုးနဲ့ ပုံးနဲ့ ငင်ရတဲ့ ပေ ၅၀ လောက် နက်တဲ့ တွင်းကြီးတွေ တူးကြတာပါ။ အညာက ရေတွင်းကြီးတွေကို မြင်ဖူးမှာပေါ့။ အဲဒီတုန်းက ကျနော်တို့ရွာမှာ ရေအတော်ကိုရှားတာ။ ပေ ၅၀ ကျော်နက်တဲ့ ရေတွင်းဟောင်းကြီးကလည်း ရေခမ်း သွားတာ ၁၅ နှစ်လောက်ရှိနေပြီ။ ရေကို အရမ်းတောင့်တနေတဲ့ အချိန်ပေါ့။ ရေတွင်းတူးဖို့ရာလည်း ဘယ်သူမှ မ၀ံ့ရဲတဲ့ အချိန်ပါ။ ရေထွက်မယ်လို့လည်း ထင်မထားကြတာကိုး။
တစ်နေ့တော့ လူငယ်တွေ စုပြီး ရေစမ်းတူးကြဖို့ တိုင်ပင်ကြတယ်။ အကျိုးမဲ့ မပင်ပန်းကြရအောင် ဆိုပြီး ပထမအနေနဲ့ ရေစမ်းတွင်း တစ်တွင်းတူးကြတာ။ ရေစမ်းတွင်းဆိုတာက ၀ါးလုံးရှည်ရှည်ထိပ်မှာ တူရွင်းသွားတပ်ပြီး ဆောင့်ကြတာပေါ့။ ဆောင့်လိုက် မြေစာလေး ယက်တင်လိုက်နဲ့ တစ်မနက် ကုန်သွားတော့ ပေ ၂၀ လောက်ထိရောက်သွားတယ်။ ရေနဲ့တူတာဆိုလို့ မြေစိုစိုလေးတောင် မတွေ့ရပါဘူး။ ဒီလိုနဲ့ တစ်ချို့လူတွေက ထမင်းစားပြန်ပြီး နားကြတာပေါ့။ အဲဒီအချိန်မှာ လူနှစ်ယောက်က ဆက်ပြီး ဆောင့်နေရစ်ကြတယ် ခင်ဗျ။ ကျနော်တို့ ထမင်းစားပြီးပြန်လာတော့ မင်္ဂလာသတင်းကြားရတော့တာပဲ။ ၂၅ ပေလောက်မှာ ရေတွေ့ရတယ်တဲ့။ အားလုံးဝမ်းသာကြတာပေါ့။

အဲဒီနေရာကို တွင်းကျယ်တူးကြမယ်ဆိုပြီး တစ်ရွာလုံး ၀ိုင်းပြီး ၀မ်းသာအားရ တူးလိုက်ကြတာ နှစ်ရက်မကုန်ခင် ၂၅ ပေလောက်ရောက်တော့တာပဲ။ ရေကတော့တွေ့ဖို့ဝေလာဝေး အရိပ်အယောင်တောင် မမြင်ရဘူး။ ပေ ၃၀ ရောက်လို့လည်း မတွေ့ဘူး ခင်ဗျ။
လာထား… စောစောက ၂၅ပေ လောက်မှာ ရေတွေ့တယ်ဆိုတဲ့ကောင် နှစ်ယောက်။ ကျနော်တို့က ၀ိုင်းဆူတာပေါ့။ သူတို့က ရေတွင်းတူးဖြစ်သွားအောင်လို့ တမင်တကာ လိမ်လိုက်တာပါ…တဲ့။ အားကြိုးမာန်တက် မျှော်လင့်တကြီးနဲ့ တူးရတဲ့ ကျနော်တို့ ပေါက်ကွဲတာပေါ့။တက်ကြွနေတဲ့ လူစုကို ဒီလို မသမာတဲ့ နည်းသုံးပြီး မစွဲဆောင်သင့်ပါဘူး။ အမှန်အတိုင်း ရိုးရိုးသားသား စည်းရုံးရင်လည်း ဖြစ်နိုင်ပါတယ်။ သူတို့က စေတနာ အရင်းခံနဲ့ လိမ်တာပါဆိုတော့ ဘာဆက်ပြောရမှန်းမသိတော့ဘူး။
ရေမတွေ့တော့ စိတ်ပျက်ပြီး ပြန်ကြတော့တာပေါ့။

ကျနော်တို့ လူနည်းစုလောက်ပဲ နောက် တစ်ရက်မှာ ဆက်တူးကြပါတယ်။ တစ်ချို့လူတွေက သောက်ရူးတွေလို့ထင်ကြတာ။ ရေမရှိနိုင်လောက်ဘူး လို့ ထင်ထားတဲ့ အရပ်မှာ နွေခေါင်ခေါင် ရေတွင်းတူးနေတဲ့ ကျနော်တို့ကို ဟား…ချင်ကြတယ် ။ ရေပေါတဲ့ ဘေးရွာက လူတွေကလည်း ပြုံးကြတယ် ခင်ဗျ။ သူတို့လွန်တာလည်း မဟုတ်ပါ။ ကျနော်တို့သာ မျက်ကန်း လမ်းလျှောက် လျှောက်နေကြတာပါ။
အဲဒီလို တူးရင်းတူးရင်းနဲ့ ၄၅ ပေလောက်မှာတော့ မြေက ပျော့လာတယ်။အားတက်ကြတာပေါ့။ ကျနော်တို့ ထန်းသမားတွေ ပင်ပင်ပန်းပန်း ထန်းတက်ရတဲ့ ကြားထဲကပဲ ည ၁ နာရီလောက်ထိအောင် လုပ်အားပေးကြတာ။ ပင်ပန်းခံရကျိုးနပ်ပါတယ်။ ပေ ၅၀ ကျော် တူးမိတဲ့ အခါမှာတော့ ရေစတွေ့ပါတယ်။ တွေ့ပုံကို ပြောရအုံးမယ်။ ရယ်ရတယ် ခင်ဗျ။ အဲဒီတုန်းက ကျနော်က ရေတွင်းထဲမှာ တစ်ယောက်တည်း တူးနေတာ။ မြေတွေက ပျော့လွန်းမက ပျော့လာပြီး တူရွင်းနဲ့တူးစရာ မလိုပဲ ပန်းကန်ပြားနဲ့ ကော်ထည့်လို့ရပါတယ်။ အပေါ်က ကြိုးနဲ့ တောင်းချပေး၊ကြုံးထည့်။ တောင်း အပေါ်ကို ဆွဲတင်နေတုန်း အောက်က ကျနော် ဘာလုပ်တယ်ထင်လဲ။ အောက်မှာ ပျော့နေတဲ့မြေကို လက်နဲ့ နှိုက်တာ။ ကလေးတွေ လယ်ထဲက ပုဇွန်တွင်းမှာ ပုဇွန်လုံးနှိုက်သလိုပေါ့။ အောက်ကို လက်နဲ့ ထိုးပြီး လှမ်းစမ်းတာ။ ရေတွေ့ချင်တာကိုး။ တော်တော်လေးကြာလာတော့ ကျနော့် လက်ထိပ်မှာ ရေကလေး စိမ့်ဝင်လာတာကို အေး..ကနဲ ခံစားလိုက်ရတယ်။

“ဟေး…ရေ တွေ့ပြီဗျို့”
“ဟာ ဟုတ်လို့လားကွာ။ ဘယ်မှာလဲ”
“ကျူပ် အောက်ကို ပုဇွန်တွင်းလို နှိုက်ရင်းနဲ့ စမ်းမိတာ”
“သေချာရဲ့လား ကွ”
“သေချာတယ် ဗျို့”
ကျနော်က ကျနော့် ပုဇွန်တွင်းလေးထဲက စိမ့်ထွက်လာတဲ့ ရေလေးကို လက်ခလယ်နဲ့ “ကလောက် ကလောက်” မည်အောင် လှုပ်ပြလိုက်တယ်။
“ကြားရလား၊ ကြားရလား”
“ကြားရတယ် ကွ”
“ဝေး…ဟေး…ဟေး…”
ပျော်လိုက်ကြပုံများ ပြောမပြတတ်အောင်ပါပဲ။ ၀မ်းသာအားရ လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံကြတာပေါ့။ ကျနော့် ဦးလေးဆိုရင် တူးထားတဲ့ မြေကြီးပုံကြီးပေါ်ကို “ဗိုင်း” ကနဲ ကျွမ်းပစ်လိုက်တာ ရေတွင်းထဲက ကျနော်တောင် ကြားရတယ်။
အဲဒါနဲ့ အပေါ်ကနေ နို့ဆီဗူးလေး တစ်လုံးချပေးတယ်။ လက်နှိုက်ထားတဲ့ တွင်းလေးထဲက ရေလေးကို နို့ဆီဗူးလေးထဲ ခပ်ထည့်တာပေါ့။ မောနေပြီဖြစ်တဲ့ ကျနော့်ကို စက်တီးကြိုးနဲ့ ဆွဲတင်ကြတယ်။ ကိုယ်တူးထားတဲ့ တွင်းထဲက ရေလေးထည့်ထားတဲ့ နို့ဆီဗူးလေးကို ကိုင်ပြီး ကြိုးကိုခိုပြီး တက်လာတော့ အပေါ်က လူတွေက ကြိုကြတာများ အောင်ပွဲရ စစ်သူကြီးကို ကြိုတဲ့အတိုင်းပဲခင်ဗျ။

အဲဒီတုန်းက ပျော်လိုက်ပုံများ တစ်သက်လုံး မေ့လို့ရမှာ မဟုတ်ဘူး။ အခု တွေးမိရင် အခု ကြည်းနူးရပါတယ်။ မှတ်မှတ်ရရ ရေတွေ့တာ ည ၁ နာရီ ကျော်ကျော်မှ စတွေ့တာ။
အဲဒါ အပေါ်ကလူတွေက ရေကို မမြင်ရသေးဘူး။ နောက်တစ်ယောက် ဆင်းပြီးဆက်တူးတယ်။ တော်တော်လေးတူးပြီးတော့ တွင်းထဲမှာ ရေအိုင်လေးမြင်ရပြီဆိုတော့မှ နားကြတာ။ ၂ နာရီကျော်မှ နားရတော့တယ်။ အပေါ်ကနေ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်။ တွင်းထဲက ဆန်ကော(ဇဂေါ)လောက်ရှိတဲ့ ရေအိုင်လေးကို မြင်ရတာ လပြည့်ည လမင်းထက် ကြည့်လို့ကောင်းတယ် ထင်မိပါရဲ့။ ၈ ဗို့အား ဘတ္ထရီမီးလေး တွင်းထဲချပြီး ရေပြပွဲ လုပ်လိုက်ကြတာ ကြည့်လို့ကို မ၀ပါဘူး။ နောက်တစ်နေ့မှာ ရွာထဲက လူတွေ ရေလာကြည့်ကြပြီး ပျော်လိုက်ကြတာများ ကျောင်းထိုင်ဘုန်းကြီးကတောင် “ငါ ဆင်းကြည့်ချင်သေးသကွာ” ဆိုလို့ ရေတွင်းထဲ ချပေးရသေးတယ်။တစ်ခါတရံမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်က ပရဟိတ အတွက် ဖြစ်ပြီး အောင်မြင်သွားတဲ့ အခါ အသေးအဖွဲလေး ဖြစ်ပါစေ တော်တော် ကြည်နူးဖို့ကောင်းပါတယ်။ မေ့မရတဲ့ တစ်နေ့ပေါ့ဗျာ။
          အောင်စိုးမိုး

No comments: